ဖောင်ဒေးရှင်း ရှင်းတမ်း အပိုင်း (၇)
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
သံဃာတော်များအတွက် နာမည်ကျော် အာဏာရှင်ဥပဒေ
မဟန ဆုံးဖြတ်ချက် (င)
အထက်ပါဆုံးဖြတ်ချက် (ဂ) (ဃ) ပါ ဆုံးဖြတ်ချက်များကို မလိုက်နာပါကသံဃာဖြစ်လျှင် သံဃအဖွဲ့အစည်းဆိုင်ရာဥပဒေ ၂ဝ/၉ဝ ဖြင့်အရေးယူရန်၊ လူပုဂ္ဂိုလ်ဖြစ်လျှင် တည်ဆဲဥပဒေများဖြင့် အရေးယူရန်။
ရှင်းလင်းချက် = ၂ဝ/၉ဝ ဥပဒေသည် သံဃာကို ခြိမ်းခြောက်နေသော ဥပဒေဟု ရှုမြင်သည်။
မဟန ဆုံးဖြတ်ချက်ကလည်း ဥပဒေသဘောတရားနှင့် လက်ရှိဆောင်ရွက်နေသည့် မဘသလုပ်ငန်းစဉ်နှင့် ရည်ရွယ်ချက် တွေကို လေ့လာခြင်းမပြုဘဲ ''ဟုတ် ဟုတ်၊ မဟုတ် ဟုတ် ငါတို့ပြောစကား နားထောင်ရင် နားထောင်၊ နားမထောင်ရင် ၂ဝ/၉ဝ နဲ့ အရေးယူမယ်''ဆိုတဲ့ ခြိမ်းခြောက်မှုကြီးလိုမျိုး ဖြစ်နေသည်ကို တွေ့ရပါသည်။
သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေအမှတ် ၂ဝ/၉ဝ ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့သည် ၁၉၉ဝ-ပြည့်နှစ်၊ အောက်တိုဘာလ ၃၁-ရက် (၁၃၅၂-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄-ရက်)နေ့ တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးစောမောင်က လက်မှတ် ရေးထိုး ပြီးထုတ်ပြန်ပြဋ္ဌာန်းထားခဲ့သော ဥပဒေဖြစ်ပါသည်။
အထက်ပါ ဥပဒေပြဋ္ဌာန်းရသည့်ရည်ရွယ်ချက်မှာ ၁၉၈၈-ခုနှစ်တွင် တစ်နိုင်ငံလုံးအရေးအခင်းကြီး ဖြစ်ပြီးနောက် တရားမဝင်သော သံဃအဖွဲ့အစည်းများဖြစ်သည့် သံဃသာမဂ္ဂီအဖွဲ့၊ ရဟန်းပျိုအဖွဲ့၊ ကျောင်းထိုင် ဆရာတော်များ သံဃသမဂ္ဂအဖွဲ့နှင့် အလားတူ သံဃအဖွဲ့အစည်းများကို ဥပဒေနှင့်အညီ အရေးယူ နိုင်ဆောင် ရွက်နိုင်ရန်အတွက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် အမိန့်အမှတ် ၇/၉ဝ ကို ၁၉၉ဝ-ပြည့်နှစ်၊ အောက်တိုဘာလ ၂၁-ရက်၊ (၁၃၅၂-ခုနှစ်၊ တန်ဆောင်မုန်း လဆန်း ၄-ရက်)နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပါသည်။ ၄င်းအမိန့်အမှတ် ၇/၉ဝ ကို အခြေခံပြီး သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေအမှတ် ၂ဝ/၉ဝ ကို (၃၁.၁ဝ.၁၉၉ဝ) ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါသည်။
လူပုဂ္ဂိုလ်များနှင့် ပတ်သက်၍ မည်သည့် ဥပဒေမည်သည့် ပုဒ်မတို့ဖြင့် အရေးယူဆောင်ရွက်ရမည်ဟု တိတိကျကျ ထုတ်ပြန်ထားခြင်းလည်း မတွေ့ရပါ။
ထို့ကြောင့် လက်ရှိတည်ဆဲဥပဒေ၊ အသင်းအဖွဲ့ဥပဒေများနှင့်အညီ ဆောင်ရွက်နေသည့် ''မဘသ/ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း''အဖွဲ့ကို အရေးယူရန် မဖြစ်သင့်ပေ၊ အရေးယူလို့မရနိုင်ကြောင်း သုံးသပ်လို့ရပါသည်။
မဟန၏ ၂ဝ/၉ဝ ကို လေ့လာကြည့်ပါက - ပုဒ်မ (၈) ပုဒ်မ ၅-ပါ သံဃာဂိုဏ်းများမှအပ ဂိုဏ်း သစ်များခွဲခြား တည်ဆောက်ခြင်း မပြုရ။ ဤပုဒ်မကို ဖောက်ဖျက်ကျူးလွန်ပါက အနည်းဆုံး ထောင်ဒဏ် ၆-လမှ ၃-နှစ်အထိ ပြစ်ဒဏ် ခံရနိုင်ကြောင်း၊ ပုဒ်မ ၉- သက် ဆိုင်ရာ သံဃနာယက အဖွဲ့တစ်ခု၏ ကြီးကြပ်မှု ကို မခံယူသော သံဃာများသည် အနည်းဆုံး ထောင်ဒဏ် ၆-လမှ ၃-နှစ်အထိ ခံရနိုင်ကြောင်း ပုဒ်မ (၁ဝ) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွဲခြင်းမပြုရ ကျူးလွန်က ထောင် ၆-လမှ ၃-နှစ်အထိ ။ ပုဒ်မ (၁၁) သံဃနာယက ဖွဲ့အဆင့်ဆင့်ဆုံးဖြတ်မှုကို မလိုက်နာပါက ထောင်ဒဏ် ၆-လ ကျခံနိုင်ကြောင်း'' ဟူ၍ ပါရှိပါသည်။
''မဘသ'' /ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း အဖွဲ့အစည်းသည် -
၁။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၄- (ဂ)အရလည်းကောင်း၊
၂။ ၁၉၈၈-ခုနှစ်၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအရလည်းကောင်း
၃။ ၂ဝ၁၄-ခုနှစ် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေများ ပြင်ဆင်ချက်အရ ဖွဲ့စည်းထားသော သာသနာပြု အဖွဲ့အစည်း ဖြစ်သောကြောင့် ဥပဒေနှင့်အညီ တည်ရှိနေသည့် တရားဝင်အဖွဲ့အစည်းသာ ဖြစ်ပါသည်။
မဘသ/ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း အဖွဲ့အစည်းကြီးသည် သံဃာ့ဂိုဏ်းသစ်မဟုတ်ပါ၊ သံဃာ့အဖွဲ့ အစည်း အဆင့်ဆင့်ကို ရည်ရွယ် ချက်ရှိရှိ ဖြိုခွဲခြင်းလည်း မပြုခဲ့ပါ။ သံဃနာယကအဖွဲ့ အဆင့်ဆင့်၏ ဆုံးဖြတ်မှုကို မလိုက်နာမှုမျိုးလည်း လုံးဝ မရှိခဲ့ပါ။ ထို့ကြောင့် ၂ဝ/၉ဝ ဖြင့် အရေးယူဆောင်ရွက်ရန်အကြောင်း ပေါ်ပေါက်မှု မရှိပါကြောင်း လေ့လာကြည့်လျင် တွေ့နိုင်ပါသည်။
အချုပ်အားဖြင့်ဆိုရပါမူ ၂ဝ/၉ဝ ဥပဒေသည် စစ်အာဏာရှင် လက်ထက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ြီူ ပါတီ၏ နိုင်ငံရေးလှုပ်ရှားမှုများတွင် မပါဝင်စေနိုင်ရန်အတွက် သံဃာတော်အရှင်မြတ်များကို ဖိနှိပ် ချုပ်ချယ် အနိုင်ကျင့်ဖို့ရန် ရေးဆွဲထားသော အာဏာရှင် ဥပဒေသာ ဖြစ်ပါသည်။
ယခုအခါ အဆိုပါဥပဒေကို ယခုပါတီစုံဒီမိုကရေစီအစိုးရနှင့် သာသနာရေးဝန်ကြီးဋ္ဌာန ကိုယ်တိုင်က ဆက်လက် ကျင့်သုံးနေခြင်းဟာ မသင့်လျော်သော အခြေအနေတစ်ခုပင် ဖြစ်ပါသည်။
တဆက်တည်းမှာပင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များ၊ သာသနာ့ထိပ်ခေါင်တင် ဆရာတော်များအနေဖြင့်လည်း ထိုဥပဒေကို သံဃာတော်များအား စာနာထောက်ထားသော အားဖြင့် လည်းကောင်း သာသနာတော်အရေးကို ရှေးရှုသော အားဖြင့်လည်းကောင်း ထိုဥပဒေ ၂ဝ/၉ဝ မရှိရလေ အောင် ဆောင်ရွက်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း တင်ပြလျှောက်ထားအပ်ပါသည်ဘုရား။
''ပြောင်းလဲချိန်တန်ပြီ''ဟုဆိုကြသည့်အတိုင်း အဆိုပါ (၂ဝ/၉ဝ) ကဲ့သို့သော ဥပဒေများ ပြောင်းလဲပြစ် ဖို့ရန် လိုအပ်ပါကြောင်း တင်ပြအပ်ပါသည်။ မပြောင်းလဲဘဲ ဆက်လက်ကျင့်သုံးနေပါက ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ခြင်း မဟုတ်ဘဲ အာဏာရှင်စနစ်ကို ခေါ်ဆောင်ခြင်း ဖြစ်သွားလိမ့်မည်ကိုလည်း သတိပြုသင့်လှ ပေသည်။
(ဆက်လက်ဖော်ပြပါမည်)
ဒေါက်တာအရှင် သောပါက