အစ္စလာမ်ဘာသာဝင် ၃ထောင်ကျော်ကို နိုင်ငံသားကတ် ထုတ်ပေးမှုအပေါ် ပြန်စိစစ်ပေးဖို့ ကမန်ပါတီ စာပို့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ အစ္စလာမ်ဘာသာဝင် ၃၀၀၀ ကျော်တို့ကို ကမန် တိုင်းရင်းသားတွေဆိုပြီး နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေ ထုတ်ပေးနေတာကို ပြန်လည်စိစစ်ပေးဖို့ ကမန်အမျိုးသား တိုးတက်ရေးပါတီက နိုင်ငံတော် သမ္မတဆီ ဒီကနေ့ စာပေးပို့လိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကုန်ပိုင်းကတည်းက အခုလိုထုတ်ပေးနေတာလို့ ကမန်အမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်း က ပြောပါတယ်။ ‘’ပြီးခဲ့တဲ့ ၂၀၁၇ ဒီဇင်ဘာလကနေ အခုသြဂုတ်လအထိပေါ့ဗျာ၊ သူတို့က ရခိုင်လည်းမသိအောင်၊ ကမန်လည်းမသိအောင် နည်းနည်းနည်းနည်းနဲ့ လုပ်သွားတာဗျ၊ ကျနော်တို့ တိုင်းရင်းသားတွေကတော့ အဲဒီမှာရကြပါတယ်၊ ဒါပေမဲ့ ကမန်မဟုတ်တဲ့သူတွေက ၃၃၀၆ ဦး အခုထုတ်ပေးလိုက်တယ်ဆိုပြီး ရမ်းဗြဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦး ဆက်သွယ်ချက်အရ အတည်ပြုပြီး တင်ပြတာဖြစ်ပါတယ်။’’ ကမန်တိုင်းရင်းသားတွေဟာ အစ္စလာမ်ဘာသာကိုးကွယ်သူတွေဖြစ်ပြီး ရခိုင်မျိုးနွယ်စုတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။ လွန်ခဲ့တဲ့စစ်အစိုးရလက်ထက်ကလည်း အခုလိုမျိုးနိုင်ငံသားစိစစ်ရေးကတ်ပြားတွေ ထုတ်ပေးခဲ့တာတွေကြောင့် ၂၀၁၂ ခုနှစ် ရခိုင်ပြည်အရေးအခင်းမှာ ကမန်တိုင်းရင်းသားတွေကို တစ်ခြားအစ္စလာမ်ဘာသာဝင်တွေ နဲ့ ရောနှောပြီး တိုက်ခိုက်ခံရတာတွေရှိခဲ့တာကြောင့် အခုလို ပြန်လည်စိစစ်ပေးဖို့ တောင်းဆိုတာလို့ ပြောပါတယ်။ အဲဒီအရေးအခင်းပြီးကတည်းက ရမ်းဗြဲမြို့နယ်ထဲက ကမန်တိုင်းရင်းသား ၅၀၀ ကျော်လောက်ဟာ ရန်ကုန်မြို့ကို ပြောင်းရွှေ့နေထိုင်ကြရတာဖြစ်ပြီး လက်ရှိ ကျောက်နီမော်ကျေးရွာမှာ ကမန်တိုင်းရင်းသား ၂၀၀ ကျော်လောက်သာ ကျန်တော့တာဖြစ်ပါတယ်။ RFA https://www.facebook.com/39218993127/...